ကျောက်ဆည် ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှမြို့တွင်းလမ်းဘေးဝဲယာရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ မိုးတွင်းကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါအန္တရာယ်များမှ ကင်းဝေးမှာဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးမှ ပြောပြီးရန်ကုန်-မန္တလေးကားလမ်းကြီးတစ်လျှောက်ရှိ ရေမြောင်းများနှင့် ကြက်မင်းတွန်ရပ်ကွက် အမှတ်(၁)ရေမြောင်း၊ ပြည်လုံးနိုင်ရပ်ကွက်၊ မင်းရပ်ရပ်ကွက်အတွင်းရှိ အ.ထ.က-၂ ကျောင်းလမ်း တစ်လျှောက် လမ်းဘေးဝဲယာမြောင်းများအား သန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ဂုဏ်ကျက်သရေတိုးတက်စေရေးရေဆိုး ထုတ်မြောင်းများအား သန့်ရှင်းခြင်းလုပ်ငန်းများအပြင် မြို့အဝင်/မြို့အထွက်နေရာများတွင် ပေါင်းမြကများအား ရှင်းလင်းခြင်း၊ ပန်းအလှပင်များ၊ အရိပ်ရအပင်များ စိုက်ပျိုးခြင်း၊ မြို့တွင်းလမ်းဘေးဝဲ/ယာနှင့် လမ်းလယ်ကျွန်းများတွင် ပန်းအလှပင်မျာ စိုက်ပျိုးပုံဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။
သက်မောင်(ကျောက်ဆည်)