ပင်းတယမြို့နယ်၌ သီးနှံအခြေခံယိုထိုးနည်းနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်းဆင်းပွဲ ပြုလုပ်

ပင်းတယ ဇွန် ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပင်းတယခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအား ပင်းတယမြို့နယ်၊ ကျားကုန်းစံပြကျေးရွာ၌ ယမန်နေ့နံနက်က ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁၊ ဒုတိယဗိုလ်မှူးကြီး တင်နိုင်ဦးမှ ယခုသင်တန်းမှ သင်ယူထားပညာရပ်များဖြင့် ဒေသနေ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းစေပြီး၊ တန်ဘိုးမြှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းအား၊ လူမှုစီးပွားများတွင် လက်တွေ့အသုံးချလုပ်ကိုင်ကြရန် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရှမ်းပြည်နယ်ပြည်နယ်မှူးမှ သင်တန်းရည်ရွယ်ချက်နှင့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်သည့် အဆင့်မှီ တန်ဖိုးမြှင့်စားသောက်ကုန်များ ဖြစ်လာစေရန် ကူညီပံ့ပိုးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး၊ အာလူး၊ ခရမ်းချဉ်သီး၊ သံပရာသီး၊ နံနတ်သီး၊ စသည့် ဒေသထွက်များ ယိုထိုးနည်းများ အဓိကသင်ကြားပေးခဲ့ကြောင်း၊ ဇွန်လ ၆ ရက်မှ ၁၂ ရက်နေ့အထိ သင်တန်းသား/သူ ၂၀ ဦးတက်ရောက်ကာ ၎င်းတို့အား သင်တန်းဆင်း အောင်လက်မှတ်များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အေးအေးလတ်