ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်း၊ abate ဆေးခပ်ပေးခြင်းများ ဆောင်ရွက်

ဒဂုံတောင် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းအချို့၌ သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ abate ဆေးခပ်ပေးခြင်းများကို ယမန့်နေ့ မွန်းလွဲ (၁၄) နာရီအချိန်က မြို့နယ်အတွင်းရှိ ကျောင်းများတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခြင်ဆေးမှုတ်ခြင်း၊ abate ဆေးခပ်ပေးခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ စာသင်ကျောင်းများဖြစ်သော အလက(၁၁) စာသင်ကျောင်း၊ အမက (၂၉) စာသင်ကျောင်း၊ အလက(ခွဲ)ရွာသာကြီး စာသင်ကျောင်း၊ အမက(သုံးခွ)စာသင်ကျောင်း၊ အထက(စိုက်မွေး)စာသင်ကျောင်းနှင့်၊ အထက(လေးဒေါင့်ကန်) စာသင်ကျောင်း များအတွင်းရှိ ခြင်များ ခိုအောင်းပေါက်ဖွားနိုင်သောနေရာများ၊ ဘုရားပန်းအိုးများ၊ သုံးရေအသုံးပြုလျက်ရှိသော ရေစည်ရေအိုး များတွင် အဘိတ်ဆေးများ ခပ်ပေးပြီး၊ စာသင်ခန်းများအလိုက် ခြင်ဆေးမှုတ်ခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ခြင်ဆေးမှုတ်ခြင်းနှင့် abate ဆေးခပ်ပေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး ရောဂါ ဘယကင်းစွာ ဆက်လက်ပညာသင်ယူနိုင်မည်လည်း ဖြစ်သည်။

ထို့သို့ ခြင်ဆေးမှုတ်ခြင်းနှင့် abate ဆေးခပ်ပေးခြင်းတို့ကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ကျောင်းများတွင်လည်း ဆက်လက်လိုက်လံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သတင်းရသည်။

သက်မင်းဟန်(ဒဂုံတောင်)