နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန် အသိပညာပေးနှိုးဆော်

နောင်တရား     စက်တင်ဘာ   ၇

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ မြို့ပေါ်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရေးရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းတွင်  ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းကို နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ကြရာ ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်မှ  ကြိုတင် ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရန်၊ အပြင် သွားတိုင်း နှာခေါင်းစည်းများတပ်ဆင်အသုံးပြုစေရန်၊ လက်ကိုဆပ်ပြာနှင့် မကြာခဏဆေးရန်၊ ပြည်ပပြန်နှင့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည် ရောက်ရှိလာသူများ၊ ခရီးသွားရာဇဝင်ရှိသူများကို ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးမှူးရုံးများသို့ အသိ‌ပေးခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် နှိုးဆော် ခြင်းနှင့် အသိပညာပေးပိုစတာများစိုက်ထူခြင်း ဆောင်ရွက်ခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်သို့ ခရီးသွား ရာဇဝင်ရှိသူ တစ်ဦးမှ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် ခံထား ရကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ 

ခွန်အောင်(နောင်တရား)