ထန်းတပင်မြို့၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဇွန် ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တစ်ညတာအသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဇွန်လ(၁၂)ရက်နေ့ညပိုင်းမှ ဇွန်လ(၁၃)ရက်နေ့နံနက်(၅)နာရီခွဲအချိန်အထိ ကျင်းပပြုလုပ်ခဲ့ကြသည်။

အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲတွင် မြသိန်းတန်ဘုရားကြီးကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော်ဘဒ္ဒန္တသုမန၊ သံဃာတော်အရှင်သူမြတ်(၈)ပါးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက နမောတဿသုံးကြိမ်ရွတ်ဆိုကာစတင်ခဲ့ကြသည်။

ဆက်လက်၍ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုမနဦးဆောင်၍ သံဃာတော်အရှင်သူမြတ်များက ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါတာတော်ဖြင့် မြတ်စွာဘုရားအား ပင့်ဆောင်တော်မူပြီး ပဋ္ဌာန်းတရားတော်မြတ်နာကြားနိုင်ရန်အတွက် နတ်ဗြဟ္မာများအား ဖိတ်ကြားခဲ့ကာ ပဋ္ဌာန်းဒေသနာတော်ကျမ်း ရွတ်ဖတ်ပူဇော်ရန်အတွက်လည်း တိုက်တွန်းပဋ္ဌာန်းအခါတော်ကြားဂါထာတော်ကို ရွတ်ဖတ်ခဲ့ပြီး မဟာပဋ္ဌာန်းကျမ်းမြတ်ကို စတင်ရွတ်ဖတ်ပူဇော်ကာ တစ်ညတာအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်သူ၊ မြို့နယ်သားများ၏ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဘေးအန္တရာယ်စိုးရိမ်ထိတ်လန့်မှုကင်းစေရေးနှင့် ကပ်ရောဂါအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)