ရန်ကုန် စက်တင်ဘာ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲများ တွင် ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ ကပ်ထားရာ ပြည်သူများမှ Social Distancing နှင့် အညီ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြရာ လာရောက်ကြည့်ရှုသူ တစ်ဦးဖြစ်သူ ဒုတိယနှစ်ကျောင်းသူ မမေသက်ခင်မှ “ကျွန်မ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကျွန်မကြိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကို မဲပေးမှာပါ၊ အရင်(၂၀၁၅) ရွေးကောက်ပွဲမှာလဲ မဲပေးခဲ့ပါတယ်၊ မဲပေးတယ်ဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ” ဟု မဲပေးရခြင်းနှင့် ပတ်သက်သော ရင်တွင်းစကားကို ပြောကြားခဲ့သည်။
အဆိုပါစာရင်းတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း(၉)ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း(၄)ဦး၊ တိုင်းဒေသကြီး(၁) လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း(၈)ဦး၊ တိုင်းဒေသကြီး(၂)လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၇)ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသား လူမျိုး) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၆)ဦး၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသားလူမျိုး)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း(၇)ဦး စုစုပေါင်း(၄၁)ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သာကေတမြို့နယ်အတွင်းတွင် မဲရုံ(၂၁၁)ရုံ ထားရှိ မည်ဖြစ်ကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)