နမ္မတူ ဇွန် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သွေးလွန်တုပ်ကွေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်က နမ္မတူမြို့နယ် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်လွင်၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်ဌေး၊ မြို့နယ်မီးတပ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းတို့ ပူးပေါင်းပါဝင်၍ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိဘဲ ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ စာသင်ခန်းများ၊ ဆရာဆရာမ နားနေခန်းများနှင့် ကျောင်းဝင်းအတွင်း အပြင်ပတ်ဝန်းကျင်များ၌ ခြင်များခိုအောင်းမှုမရှိစေရန်နှင့် ခြင်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖျန်းခြင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။
လူမော် (ပြန်/ဆက်)