မိုးနဲမြို့၌ စိုက်ပျိုးထားသော ဆီထွက်သီးနှံ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

မိုးနဲ   စက်တင်ဘာ   ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ဟွေဟေးကျေးရွာတွင်တောင်သူများစိုက်ပျိုးထားသော  ရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း‌ တောင်သူတစ်ဦးထံမှ သိရသည်။

ယခု စိုက်ပျိုးထားသော ရေဆင်း(၁)စပ်မျိုး နေကြာစိုက်ခင်းကို ဟွေဟေးကျေးရွာနေ  တောင်သူ ဦးမြစော က တစ်ဆက်တစပ်တည်း (၅) ဧကစိုက်ပျိုးထားခြင်းဖြစ်ပြီး မိုးနဲမြို့နယ်အတွင်း နေကြာစိုက် ဧကပေါင်း ၇၃ ဧက‌ ကျော်စိုက်ပျိုးထားရှိ‌ ကြောင်းလည်း သိရသည်။ နေကြာစိုက်ပျိုးခြင်းက အခြား သီးနှံစိုက် ပျိုးခြင်းထက် ဂရု တစိုက်ဆောင်ရွက်ရခြင်းမျိုးမရှိဘဲ ထွန်ယက်ပြီး နေကြာမျိုးကြဲပတ် ထားရခြင်း ကြောင့် လူနှင့်လုပ်အားခ၊ အရင်းအနှီးများစွာမကုန်ကျဘဲ ဈေးကောင်းရလျှင် တောင်သူများဝင်ငွေကောင်း မွန်သောကြောင့်ဆီထွက် သီးနှံ နေကြာကို စိုက်ပျိုးရခြင်းဖြစ်ကြောင်း တောင်သူ ဦးစောမြက ပြောကြား ခဲ့သည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အစားထိုးသီးနှံအဖြစ် ရေဆင်း(၁) စပ်မျိုး နေကြာမျိုးစေ့နှင့်‌ တောင်သူ နည်းပညာပေးခြင်း လုပ်ငန်းများ ကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံ တောင်သူ များကိုလည်း ထွက်နှုန်းကောင်း ရေဆင်း(၁) စပ်မျိုးနေကြာကို တိုးချဲ့စိုက်ပျိုး စေလိုကြောင်း ၊ ယခင်နှစ် စံကွက်ထွက်နှုန်း အရ နေကြာတစ်ဧကမှာ ၂၉ ဒသမ ၃၇ တင်းထွက်ရှိကြောင်း ၊ တစ်တင်းပေါက်ဈေးအနေဖြင့် ကျပ် ၁၃၀၀၀ ဝန်းကျင် ရရှိကြောင်း ၊နေကြာတစ်တင်းမှာ ဆီ နှစ်ပိဿာခွဲခန့်ထွက်ရှိပြီး တစ်ဧကမှာ ဆီ ၇၃ ပိဿာ‌ ကျော် ထွက်ရှိမှာဖြစ်တဲ့အတွက် နေကြာ စိုက်ပျိုးသူ တောင်သူများ အနေနဲ့ တွက်ခြေကိုက်ပြီး ဝင်ငွေ တိုးပွား ရရှိမှာ ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက ပြောကြားခဲ့သည်။

မျိုးညွန့်ရွှေ (မိုးနဲ)