ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ညောင်ပလင်ကျေးရွာ၊ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ဘီးလင်း ဇွန် ၁၁

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ညောင်ပလင်ကျေးရွာအုပ်စု၊ ညောင်ပလင်ကျေးရွာ၌ ဇွန်လ ၈ ရက်ည ၁၁ နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ပျက်စီးခဲ့ရာ လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ဘီးလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ သူနာပြုတပ်ဖွဲ့မှူး ဦးငွေဝင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ညောင်ပလင်ကျေးရွာမှ လေဘေးဒဏ်ကြောင့်  ပြိုလဲနေအိမ်  ၇ လုံးအတွက် မီးဖိုချောင်သုံးပစ္စည်း ၁ ဖာ၊ တာပေါ်လင်တစ်စ၊ အင်္ကျီ ၁ ထည်၊ လုံချည်တစ်ထည်၊ ခြင်ထောင်တစ်လုံး၊ စောင်တစ်ထည်၊ ဆေးအိတ်အသေးတစ်လုံး စသည့် ပစ္စည်း ၉ မျိုးကိုလည်းကောင်း၊ အမိုးလန်နေအိမ် ၂၃  လုံးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း တစ်ဖာစီတို့ကိုလည်းကောင်း သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထူးနောင် (ပြန်/ဆက်)