ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌  သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံမြောက် ဇွန် ၁၂

မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ (၄၀)ရပ်ကွက်အတွင်း ယမန်နေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်များရှိ နေအိမ်များတွင် ရေစည်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အတွင်း ပရဟိတဆောင်ရွက်သူများမှ  အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းစဉ်များအား အသိပညာပေးဆွေးနွေးရာတွင် “သွေးလွန်တုပ်‌ကွေးရောဂါနှင့် ခြင်မှဖြစ်ပွားတတ်တဲ့ရောဂါများ ကင်းဝေးစေရန် ရပ်ရွာအုပ်ချုပ်ရေးမှူးများဦးဆောင်ပြီး ပြည်သူလူထုက မိမိပတ်ဝန်းကျင်မှာ မိုးရွာလာပါက ရေတင်ကျန်နိုင်တဲ့ပစ္စည်းများဖြစ်တဲ့ ခွက်၊ ဘူး၊ တာယာ စွန့်ပစ်ပစ္စည်းများ၊ အမှိုက်များကို ရှင်းလင်းပေးရမှာဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ အိမ်ရှင်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး သွားရမှာဖြစ်ပါတယ်၊ ခြင်ကျားဟာ ရေကြည်ရေသန့်မှာ ပေါက်ပွားတာဖြစ်လို့ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ကိုယ်တိုင်ပါဝင် လိုက်ပါဆောင်ရွက်ခြင်းဖြင့် ကျန်းမာ‌ရေးအသိပညာမြှင့်တင်‌ပေးခြင်း၊ ရေအိုး ရေကန်များမှာ ပိုးလောက်လန်းများ ရှိမရှိစစ်ဆေးခြင်း၊ ဘုရားပန်းအိုးများကို တစ်ပါတ်(၂)ကြိမ် လဲလှယ်ပေးခြင်း ရေအိုးရေကန်များကို ပွတ်တိုက်ဆေးကြောခြင်းတို့ကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်‌ပေးရမှာ အသိပညာပေး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်၊ ဒါမှ ခြင်ကျားကင်းစင်တဲ့ မြို့ရွာရပ်ကွက်တွေ ဖြစ်လာမှာဖြစ်ပါတယ် ”ဟုပြောကြားသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)