မြောက်ဥက္ကလာပမြို့နယ်တွင် ညမထွက်ရအမိန့် လိုက်နာခြင်းရှိ/မရှိ စစ်ဆးခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

မြောက်ဥက္ကလာပ စက်တင်ဘာ ၇

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အား လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်တွင် ယမန်နေ့ ညအချိန်က ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ည(၁၂)နာရီမှ နံနက် (၄)နာရီအချိန်အထိ သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ်ပြင်ပ သို့ထွက်ခွာခြင်း၊ စုဝေးခြင်းမပြုကြရန် ညမထွက်ရအမိန့်အား ပြည်သူများ လိုက်နာခြင်းရှိ/မရှိ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညပိုင်းက ဒေသန္တရအမိန့် ဖောက်ဖျက်သူ  (၈)ဦးကို ဥပဒေပုဒ်မ (၁၈၈)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ်အတွင်း နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများ၊ ကျန်းမာရေး ကိစ္စဖြင့် ပြင်ပသို့ သွားလာခြင်းမှအပ ဤအမိန့်သည် အများပြည်သူအကျိုးအတွက် ထုတ်ပြန်ထား ခြင်းဖြစ်သဖြင့် ပြည်သူများ တိကျစွာလိုက်နာကြရန် လိုအပ်ကြောင်း သိရှိရသည်။

မြမြဝင်း (ပြန်/ဆက်)