မုဒုံ ဇွန် ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်ဘုရားတွင် ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန် အတွက် ယနေ့နံနက် ၇ နာရီက ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော် ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များတို့က ဘုရားမုခ်ဦးနှင့် စောင်းတန်း တလျှောက်အနီးတဝိုက်ရှိ ပေါင်းမြက်များ၊ ခြုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင် အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပန်းခြံအတွင်း စွန့်ပစ်အမှိုက်များ ကောက်ယူခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် သက်ဆိုင်ရာတာဝန်ရှိ သူများတို့က ကန်ကြီးစေတီတော် ဘုရားဝင်းတွင် ဘက်စုံပြုပြင် မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကာ ဘုရားပုရဝုဏ်အနီး ကျွဲ၊ နွား လွှတ်ကျောင်းမှု မရှိစေရေး၊ လုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့ကို ဘုရားစေတီ ဂေါပကအဖွဲ့ဝင်များနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)