ပုဇွန်တောင် ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရေးအတွက် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ကျောင်းဝင်းကျောင်းပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ကျောင်းရှေ့ရေမြောင်းများတွင် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများအတွင်း ခြင်နှင့်ယင်များ ပေါက်ပွားမှုမရှိစေရေးအတွက် ရေမြောင်းများ ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်း ပိတ်ဆို့နေသည်များ ဖယ်ထုတ်ခြင်း၊ ကျောင်းဝန်းအတွင်းရှိ အန္တရာယ်ရှိ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်များနှင့် မြက်ပင်များရှင်းလင်းခြင်း၊ သစ်ရွက်ကြွေများကို ရှင်းလင်းခြင်း၊ စာသင်ကျောင်းတစ်ကျောင်း၏ အင်္ဂါရပ်များနှင့် ညီညွတ်မှုရှိစေရန် အမြင်မတင့်တယ်သည်များအား ဖယ်ရှားရှင်းလင်းခြင်းများကို စနစ်တကျ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသန့်ရှင်းရေးဆောင်ရွက်မှုကို မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ တပ်မတော်သား များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရပ်ကွက်နေ ပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်