ဒဂုံအရှေ့ ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ အမှတ်၃ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ထို့သို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် နယ်မြေတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများနှင့် ရပ်ကွက်အတွင်းရှိ စေတနာရှင်များ စုပေါင်း၍ ကျောင်းပရဝုဏ်အတွင်းရှိ ခြုံနွယ်၊ မြက်ပင်များနှင့် ကိုင်းပင်များကို မြက်ရိတ်စက်၊ ဓားနှင့် ပေါက်ပြားများ အသုံးပြု၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ အမှတ်၃ အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းခန်းများ၌ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)