ကျိုက်ထို ဇွန် ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျောင်းဝင်းအတွင်း ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာ လှပရေးအတွက် တပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်တွင် အ.ထ.က (၂) ကျောင်း၀င်း၌ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ထင်လင်းအောင်နှင့် တပ်မတော်သားများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၀န်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘများ၊ ပါဝင်သော စုစုပေါင်းအင်အား (၁၆၀)ဦးခန့်တို့က ကျိုက်ထိုမြို့ အ.ထ.က(၂)ကျောင်းဝင်းအတွင်းရှိ သစ်ကိုင်းများ၊ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ စာသင်ခန်းများအား ခြင်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသော အမှိုက်များအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်း ယာဉ်များဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေး ဆောင်ရွက်ခြင်းသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေး၊ ခြင်အန္တရာယ် ကင်းဝေးစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
၀င်းမောင်(ကျိုက်ထို)