ရန်ကင်း ဇွန် ၁၁
ရန်ကင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိရာ သက်ဆိုင်ရာ အတန်းအလိုက် သင်ခန်းစာများကို ကျောင်းသူ/သားများ အေးချမ်း ပျော် ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းများ စတင်ဖွင့်လှစ်သည့်နေ့မှ ယနေ့အချိန်အထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်နှင့် တာဝန်ရှိသူများသည် စာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားမှု၊ ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံ၊ ပေတံ၊ နှာခေါင်း စည်း(Mask)များ စနစ်တကျထုတ်ပေးမှု၊ ကျောင်းသူ/သားများ လုံခြုံစွာနှင့် အေးချမ်းစွာ ပညာသင်ကြားနိုင်မှုတို့ကို စာသင်ခန်းများ အတွင်း နေ့စဉ် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
သို့ဖြစ်ပါ၍ ကလေးများ ခြင်အန္တရာယ်ကင်းဝေးစေရေးနှင့် ပတ်ဝန်းကျင်တို့မှ အနံအသက် များကြောင့် ကလေးများ၏ ကျန်းမာရေးကို ထိခိုက်မှု မရှိစေရေး ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အလှည့်ကျ ခြင်ဆေးဖျန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ယနေ့နံနက် ၉:၀၀ နာရီတွင် ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်နေမှုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်