ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညမထွက်ရ အမိန့် အသံချဲ့စက်ဖြင့်နှိုးဆော်

ဒဂုံ စက်တင်ဘာ ၇

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့် လိုက်လံနှိုးဆော်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိယောမင်းကြီး ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊  ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံများက အသံချဲ့စက်ဖြင့် ယမန်နေ့ ည ၉ နာရီက လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ယင်းသို့ နှိုးဆော်ပေးခြင်းဖြင့်  ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့်   စီးပွားရေးထိခိုက်စေနိုင်သည့်အပြင် အသက်ဘေးအန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားနိုင်သဖြင့် ကာကွယ်ရေးနည်းလမ်းများတွင် အထောက်အကူပြုနိုင်ရန်အတွက် မြို့နယ်အတွင်း ည(၁၂)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်နယ်နိမိတ်မှ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း  မပြုလုပ်ကြရန် ညမထွက်ရအမိန့်အား အသိပေးနှိုးဆော်ထားပြီး မဖြစ်မနေအပြင်သို့ သွားရောက်ရန်လို အပ်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံအကြောင်း ကြားရမည်ဖြစ်ကြောင်း  သိရသည်။

အဆိုပါညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၁၈၈)ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)