ရေး စက်တင်ဘာ ၇
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ် အဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ် အဆင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန် ရှိသူများနှင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးအောင်ဇော်ထိုက်က ကိုဗစ်-၁၉ ရောဂါပြန့်ပွါးနေမှုအကြောင်းများနှင့် ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါအတွက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေး တင်ပြ ခဲ့ကြသည်။
ရေးမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြမည့် ခရီးသွားပြည်သူများအား ရန်ကုန် တိုင်းဒေသကြီး (Stay at home ) နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင်အကျုံးဝင်သည့် (၇) မြို့နယ်မှ ခရီးသွားပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံကြီး ဝန်ထမ်းအိမ်ယာ သီးသန့် အဆောင်တွင် လည်းကောင်း၊ အခြားမြို့နယ်မှ ခရီးသွားပြည်သူများကို ရေးမြို့ အ.ထ.က (၂) ကျောင်းတွင် Community Based Facality Quarantine စခန်းတွင် ထားရှိမည်ဖြစ်ကြောင်းကို ယနေ့ ကျင်းပသည့် အစည်းအဝေးဆုံး ဖြတ်ချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)