ကျိန္တလီ ဇွန် ၁၁
ကျိန္တလီမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့မွန်းတည့်(၁၂) နာရီအချိန်တွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဖြန့်ဖြူးခြင်း၊ ထုတ်လုပ်ခြင်း တို့ကိုကျူးလွန် မည်ဆိုပါက ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို မေးမြန်းဆွေးနွေးခဲ့ရာ ကျိန္တလီနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ဦးဆက်နွယ်စိုးက မူးယစ်ဆေးဝါးကိုသုံးစွဲခြင်းကြောင့် စိတ်ဓါတ်ကျခြင်း၊မိမိကိုယ် မိမိသေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါရခြင်း၊ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိသားစုစိတ်ဓာတ်လျော့နည်းခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင်း ကျမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ဘိန်း၊ ကိုကင်း စိုက်ပျိုးခြင်း၊ လက်ဝယ်ထားခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ နိုင်ထက်စီးနင်းပြု၍ အခြားသူ တစ်ဦးအားသုံးစွဲခိုင်းခြင်းစသည့် ပြစ်မှုများကို ကျူးလွန်ပါ မူးယစ်ဆေးဝါးဥပဒေပုဒ်မ(၁၆)ဖြင့် အရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ်(၅)နှစ်မှ(၁၀)နှစ်ထိချမှတ်မည် ဖြစ်ပါကြောင်းပြောကြားသည်။ ဆက်လက်၍ မူးယစ်ဆေးဝါးကို ရောင်းချရန်ကမ်းလှမ်းခြင်း၊ ဆယ်သွယ်ခြင်း၊ သဘောတူခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းမှရှိလာသော ငွေကြေးအကျိုးအမြတ်ကို ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း စသည့်ပြစ်မှုများကို ကျူးလွန်ပါက မူးယစ်ဆေးဝါးဥပဒေပုဒ်မ (၁၉)ဖြင့် အရေးယူခံရမည်ဖြစ် ပြီး ထောင်ဒဏ်(၁၀)နှစ်မှ (၂၀)နှစ်ထိ ချမှတ်မည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျိန္တလီ ပြန်/ဆက်