ထန်းတပင်မြို့နယ်၌ တောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေ

ထန်းတပင်(ရန်ကုန်) ဇွန် ၁၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊  ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက တောင်သူအသိပညာပေးဆွေးနွေးပွဲကို ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တောင်သူအသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းက အဖွင့်အမှာစကားပြောကြားခဲ့ကာ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား မျိုးစေ့အရည်အသွေးထိန်းသိမ်းရေး အကြောင်းအရာများ၊ သဘာဝမြေသြဇာသုံးစွဲခြင်းနှင့် အီးအမ်ဘိုကာရှီ သုံးစွဲနည်းများကို တိုင်းဒေသကြီး မျိုးစေ့ထုတ် တာဝန်ခံဒေါ်ဆွေဆွေဦး၊ တိုင်းဒေသကြီးမြေ အသုံးချမှုရေး တာဝန်ခံ ဒေါ်မြင့်မြင့်မော်နှင့် တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်ခဲ့ကြပြီး စံပြကွက်စိုက်ပျိုး မည့်တောင်သူများထံသို့လည်း ဆင်းသုခ(RS) မျိုးစေ့အိတ်(၂၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများအား ပေးအပ်ခဲ့ကြကြောင်းလည်း သိရသည်။

တောင်သူအသိပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက် ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)