သာကေတမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

သာကေတ   ဇွန်  ၁၀

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်   တရားမ၀င်ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သာကေတမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင်  ယနေ့နံနက်(၁၀:၀၀)နာရီ၌ ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ် ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တရားလွှတ်တော်ရှေ့နေ့ ဒေါ်သီတာအေး၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး(အငြိမ်းစား) ဦးခင်မောင်ညွန့် တို့က မူးယစ်ဆေးဝါးအန္တရာယ် အခန်းကဏ္ဍ၊ မူးယစ်ဆေးသုံးစွဲလျှင် ဖြစ်တတ်သော အန္တရာယ်လက္ခဏာများနှင့် ဆိုးကျိုးများ ၊မူးယစ်ဆေးသုံးစွဲသူများတွင် တွေ့ရသော အမှုအကျင့်၊  အလေ့အထများ၊ မူးယစ်ဆေးသုံးစွဲသူအား ပြုလုပ်ပေးသင့်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးရောင်းချပါက အရေးယူနိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို  ဟောပြောခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းပြီး တာ၀န်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ