ဗိုလ်တထောင် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀:၀၀) နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်သိန်းသိန်းယဉ်မှ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်ပြီး သိသင့်သော အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာ ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်မှ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ အကြောင်း၊ မူးယစ်ဆေးဝါးသည် လူကိုအန္တရာယ်ဖြစ်စေနိုင်ရုံမက အသက်အိုးအိမ်စည်းစိမ်ကိုပါ ထိခိုက်စေတဲ့အရာဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များမှာ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်နေကြတာမြင်တွေ့နေရပြီး လူငယ်တွေဟာ နောင်တချိန်တွင် တိုင်းပြည်၏အနာဂတ်ကြယ်ပွင့်များဖြစ်သည့်အတွက် မူးယစ်ဆေးဝါးကို ဝေးဝေးရှောင်ကျဉ်ကြဖို့၊ လှပတဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ ဆေးလိပ်မှအစ မူးယစ်ဆေးဝါးကို သုံးစွဲခြင်းမှ ရှောင်ကျဉ်ကြဖို့ လိုအပ်ကြောင်း စသည့် အချက်များကို ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)