မိုင်းရယ် ဇွန် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၁-၂၀၂၂ ခုနှစ် စိုက်ပျိုးထားသည့် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီက နားခိုကျေးရွာအုပ်စု၊ နားခိုကျေးရွာ၊ ဦးပိုင်အမှတ်(၁၄)၊ ကွင်းအမှတ်(၁၇)၌ ပြုလုပ်သည်။
အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးနိုင်နှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် တာဝန်ရှိသူများ၊ တောင်သူများကတက်ရောက်ခဲ့ပြီး နွေစပါးစံကွက် ၅ ဧကကို စနစ်တကျ ရိတ်သိမ်းခဲ့သည်။
ထို့နောက် စံကွက်အထွက်တိုင်းတာခြင်းများကို ဆောင်ရွက်ရာ စိုက်ဧက ၅ ဧကမှ တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း အစို ၁၆၆ ဒသမ ၀၂ တင်း၊ အခြောက် ၁၄၁ ဒသမ ၁၁ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေစပါး ၉၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ နွေစပါးစိုက်ပျိုးသည့် တောင်သူများအား တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် ဓါတ်မြေဩဇာအပြည့်အဝ ထည့်သွင်းအသုံးပြုနိုင်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ပုလဲဓါတ်မြေဩဇာများအား ဒေသပေါက်ဈေးနှုန်းထက် ဈေးနှုန်းချိုသာစွာဖြင့် တောင်သူများ လက်ဝယ်အရောက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းရယ် (ပြန်/ဆက်)