သိန္နီမြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

သိန္နီ    ဇွန်     ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင်လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို သိန္နီမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဟောပြောပွဲ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက လူငယ်များဗလ(၅)တန်ဖွံ့ဖြိုးရေးအတွက် အသိ ပညာဖြင့်ဘဝကို တည်ဆောက်ရေး၊ ကျောင်းသားလူငယ်များ၏ အသိပညာဖွံ့ဖြိုးရေးအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဖြင့် အောင်မြင်တိုးတက်အောင်တည်ဆောက်ခြင်း၊အနာဂါတ်သားကောင်းရတနာများ ပေါ်ထွန်းလာရန်အတွက် စိတ်ဓါတ်မြင့်တင်ရေး စသည့်အချက်များကို ဆွေးနွေးဟောပြောသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်စုမြတ်လင်းက ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါး အလွဲသုံးခြင်း၏ ဆိုးကျိုးများ၊ ရှောင်ရှားသင့်သည့် နည်းလမ်းများ၊ သုံးစွဲရသည့် အကြောင်းအရင်းများနှင့် လက္ခဏာများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည့် နည်းလမ်းများကို ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဖြိုးသဇင်စိုးက စားသုံးသည့် အစားစာများနှင့်ပတ်သက်၍ သိရှိရမည့်အချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများ၊ ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ အမှတ်သားများကို ကျောင်းသားလူငယ်များ ဗဟုသုတရဖွယ် ဆွေးနွေးဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၀၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)