မိုးနဲမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး‌ ကျောင်းသား/ကျောင်းသူပေါင်း ၁၄၇၃ ဦး ရှိပြီဖြစ်

မိုးနဲ ဇွန် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်လုံးလျှင် (၅) ယောက်နှုန်းဖြင့် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်တွင်လည်း ဝမ်ဟေအုပ်စု နမ့်ဟူးပစ်အခြေခံပညာမူလတန်းကျောင်း၊ ဟွေတုံလုံအခြေခံပညာမူလတန်းကျောင်းနှင့် နောင်လိုင်အုပ်စု လွိုင်အိုင်အခြေခံပညာ (မူလွန်)ကျောင်းများ၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ပြိုင်နက်တည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နမ့်ဟူးပစ်အခြေခံပညာမူလတန်းကျောင်းနှင့် ဟွေတုံလုံအခြေခံပညာမူလတန်းကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အ.မ.တ (၃၆၃) အမြောက်တပ်ရင်းမှ တပ်နယ်မှူး ဗိုလ်မှူးတိုးဝင်းဖေနှင့်ဇနီးတို့မှ ကာကွယ်ဆေးထိုးနှံနေသည့် ကျောင်းသား/ ကျောင်းသူများအား လာရောက်အားပေးကြည်ရှုခဲ့ကြပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သား ဆရာဝန်များနှင့် တပ်ကြပ်ကြီးသားဖွားတို့မှ ပူးပေါင်း၍ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာပေးပြီး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ကြသည်။ ထိုသို့ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများကို ဇွန်လ ၂ ရက်နေ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ မိုးနဲမြို့နယ် အခြေခံပညာ‌ကျောင်းများတွင် ယနေ့ထိ ၁၄၇၃ ဦးထိထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)