စစ်တွေ ဇွန် ၁၀
ကျောင်းအခြေပြု အခြေခံ၊ အဆင့်မြင့် စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဇော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်ဦးစီးမှူးက အဆင့်မြင့်စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသော မဇိုးမွေးအား အပ်ချုပ်စက်တစ်လုံး ပေးအပ်ချီးမြှင့်ပေးသည်။ ထို့နောက် အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းယုရွှေက အခြေခံစက်ချုပ်သင်တန်းမှ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်သည်။
အဆိုပါ အခြေခံစက်ချုပ်နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းကို မေလ ၂ ရက်နေ့မှ ဇွန်လ ၁၀ ရက် ထိဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် နည်းပြဆရာမများက အခြေခံမိန်းမဝတ် လက်မနည်းအင်္ကျီပုံစံလေးမျိုးနှင့် အဆင့်မြင့်မိန်းမဝတ် လက်မနည်းအင်္ကျီပုံဆန်းတစ်ထည်၊ ဂါဝန်၊ သုံးလွှာ၊ လေးလွှာ၊ ချိတ်ထမီတို့ကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)