ကြည့်မြင်တိုင်မြို့နယ်တွင် စာသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ် စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာ

ကြည့်မြင်တိုင် စက်တင်ဘာ  ၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆိုင်ထိုင်စားသောက် ရောင်းချလျက် ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှစတင်ကာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ ဆိုင်ထိုင်စားသောက်ခွင့် ပြုတော့မည် မဟုတ်ပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့မည် ဖြစ်ကြောင်း စားသောက်ဆိုင် ပိုင်ရှင်များနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် ယမန်နေ့ညက ရပ်ကွက်များအလိုက် လိုက်လံကြေညာပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကြေညာရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များမှ မြို့နယ် အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစုလူဝေး ဖြစ်ပေါ်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ရန် စားသောက်ဆိုင် များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် အဆိုပါ အသိပေးချက်အား စားသောက်ဆိုင် ပိုင်ရှင်များနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် ရပ်ကွက်များအလိုက် လိုက်လံကြေညာပေးခြင်း ဖြစ်ကြောင်းသိရသည်။

ခိုင်ဇာလင်း (ပြန်/ ဆက်)