ပျဉ်းမနား ဇွန် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်လ(၁) ရက်နေ့မှစတင်ထိုးနှံပေးခဲ့ရာ လက်ရှိအချိန်ထိ (၅၇၀၀) ကျော်အား ကာကွယ်ဆေးဆေးထိုးနှံပြီး ဖြစ်ကာ ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)