ကလော ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်စိုးက ပြိုင်ပွဲများကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က ပြိုင်ပွဲပြုလုပ်မည့်အခြေအနေများနှင့် လုပ်ငန်းလျာထားဆောင်ရွက်ထားရှိမှု အခြေအနေများရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ပညာရေးဦးစီးဌာန ATEO ဦးခင်မောင်ချင်းက မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် စပ်လျဉ်၍လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြိုင်ပွဲကျင်းပရာတွင် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ဇွန်လတတိယအပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ဝင်း(ကလော)