ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသည့် အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသား၊ ကျောင်းသူ ၁၅၅၅ ဦး ရှိပြီဖြစ်

ဆိပ်ကြီးခနောင်တို ဇွန် ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေး အုပ်စုများအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ လေးများအား ကျောင်းစဖွင့်သည့် ဇွန် ၂ ရက်နေ့မှစ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ရာ ဇွန် ၈ ရက်နေ့အထိ ကာကွယ်‌ဆေးထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူ ၁၅၅၅ ဦး ရှိပြီဖြစ်ပြီး၊ ယနေ့ နံနက်ပိုင်းမှစ၍လည်း ခနောင်တိုအနောက် ရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာ မူလတန်း‌ကျောင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကာကွယ်‌ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်မှ ကြီးကြပ်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆိပ်ကြီး ခနောင်တိုမြို့နယ်တွင် အခြေခံပညာကျောင်း ၁၇ ကျောင်းရှိပြီး၊ အဆိုပါကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ်  ကျောင်းသား၊ ကျောင်းသူ အားလုံးကိုလည်း သက်ဆိုင်ရာကျောင်းများအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဝေယံ(IPRD)