ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး၊ လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြသ

သန်လျင် ဇွန် ၉   

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်တွင် သန်လျင်မြို့ရှိ ယင်းတက္ကသိုလ် သီရေတာ(၁)၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးပိုက အမှာစကားပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက မီးဘေးကြိုတင်ကာကွယ်ရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးချိပ်၊ မီးကပ်၊ ရေ၊ သဲ ထားရှိရေး၊ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုမရှိရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေးသည်။

ထို့နောက် လက်တွေ့မီးငြှိမ်းသတ်ပုံကို မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြသကြသည်၊ အဆိုပါ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 သန်းဝင်း(သန်လျင်)