ဒဂုံအရှေ့ ဇွန် ၁၀
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အသက် (၅) နှစ် မှ အသက်(၁၂) နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား / သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစု နှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိ စေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆက်လက်ထိုးနှံပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်း အချိန်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် (၃) ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်း (၁၈၈) ဦးနှင့် (၁၃၃) ရပ်ကွက်ရှိ အမှတ် (၁၉) အခြေခံပညာ မူလတန်းကျောင်း (၆၅၀) ဦး စုစုပေါင်း (၈၃၈) ဦးတို့အား စုရပ် (၂) ခု သက်မှတ်၍ (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ အခြေခံပညာ အဆင့် ကျောင်းသား/ သူများအား သက်ဆိုင်ရာပုံစံတွင် ဖြည့်သွင်းခိုင်းပြီ မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒအတိုင်း ထိုးနှံပေးလျက် ရှိကြောင်း၊ ထိုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား / သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေး အသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်းများ၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်း လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက် (၅) နှစ်မှ အသက်(၁၂)နှစ်အထိ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အခြေခံပညာအဆင့် ကျောင်းသား / သူများအား ဇွန်လ ၁၇ ရက်နေ့အထိ လျာထားသက်မှတ်၍ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရသည်။
ဝင်းအိမွန်(ပြန်/ဆက်)