လယ်ဝေး ဇွန် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ နေကြာစိုက်ခင်းနှင့်ကြံစိုက်ခင်းများ စနစ်တကျစိုက်ပျိူးထားရှိပြီး အထွက်နှုန်း ကောင်းများရရှိရန်အတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် အေလာကျေးရွာအုပ်စုရှိ ချက်ကြံသီးနှံ အထူးအထွက်တိုး စံပြကွက်(၅ဧက) ကြံစိုက်ခင်း အား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဌာနဦးစီးမှူး ဦးစောဝင်းအား စနစ်တကျ ကြံစိုက်ပျိုးထားရှိမှုများကို ကြံစိုက်တောင်သူများ အနေဖြင့် လာရောက်လေ့လာပြီးစိုက်ပျိုးကြရန်နှင့် ကြံစိုက်ခင်းအတွင်း သီးနှံများညှပ်ကာ စိုက်ပျိုးကြရန်ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်က ကြံစိုက်တောင်သူများ ကြံစိုက်အကွာအဝေးကို ၅ပေခွဲအထိခြားထားပြီး စိုက်ပျိုးမှသာ အထွက်နှုန်း ကောင်းများရရှိနိုင်မည်ဖြစ်ပြီး ကြံများထွက်ရှိသည့်အခါ ခုတ်ထွင်ပြီး (၂)ရက်အတွင်း စက်ရုံသို့ပို့နိုင်မှသာ သကြားထုတ်လုပ်နိုင်သည့်ကြံ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်လမ်းဘေးရှိ တောင်သူ ဦးအောင်မြင့်၏ (၃)ဧကစိုက်ပျိုးထား ရှိသည့် ဆင်းရွှေကြာ-၂မျိုး နေကြာစိုက်ခင်းအား ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က အထွက်နှုန်းကောင်းပြီး ဈေးကွက်ဝင်သည့်နေကြာများ စိုက်ပျိုးနိုင်ရေးနှင့် နေကြာစိုက်ခင်းအတွင်း ပေါင်းမြက်များရှင်းလင်းကာ စနစ်တကျစိုက်ပျိုးနိုင်ရေး အတွက်ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်လမ်းပေါ် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သန့်ရှင်းလှပရန်အတွက် လူ၊ဆိုင်ကယ်နှင့် တိရစ္ဆာန်သွားလမ်းများကို ဆိုင်းဘုတ်ထောင်ကာ စနစ်တကျဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)