အခြေခံတိရိစ္ဆာန် ကျန်းမာရေးလုပ်သားသင်တန်း (၁/၂၀၂၂)သင်တန်းသားများအား နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းတွေ့ ဆုံအားပေး

ဥတ္တရသီရိ ဇွန် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းပညာ တက်မြောက်စေရေးရည်ရွယ်၍ အခြေခံတိရိစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန် နေ့မွန်းလွဲ (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ သင်တန်းသားများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း လာရောက်တွေ့ဆုံအားပေးခဲ့သည်။

ထို့နောက် ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာတင်ထွန်းက အခြေခံတိရိစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ၊ သရက်တောကျေးရွာနေ သင်တန်းသား ဦးသိန်းကျော်က “ယခုလိုသင်တန်းတက်ရောက်ရခြင်းအတွက်အတိုင်းမသိဝမ်းသာ ပီတိဖြစ်မိကြောင်း၊ မိမိကျေးရွာဒေသများအတွင်း တိရိစ္ဆာန်မွေးမြူသူများအတွက် ဖေးမကူညီပေးနိုင်မည်ဖြစ်ပြီး သင်တန်းတက်ရောက်သူများအတွက် အသက်မွေးဝမ်းကျောင်း အတက်ပညာသင်ကြားပေးသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအား ကျေးဇူးတင်ရှိကြောင်း” ပြန်လည်ပြောကြားခဲ့ပြီး အဆိုပါသင်တန်းတွင် ဥတ္တရသီရိမြို့နယ်အတွင်းမှ သင်တန်းသား(၂၃)ဦး၊ ဇေယျာသီရီမြို့နယ်အတွင်းမှ သင်တန်းသား(၁၀)ဦး၊ ပုဗ္ဗသီရိမြို့နယ်အတွင်းမှ သင်တန်းသား (၁၀) ဦး၊ စုစုပေါင်း (၄၃)ဦး တက်ရောက်လျက်ရှိပြီး ဥတ္တရခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ (၅)လကြာ စာတွေ့၊  လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာရှိ ငါးမွေးကန်တည်ဆောက် ထားရှိမှုအားလည်းကောင်း၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အဆင့်မြှင့်နို့စားနွားမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ကျော်စွာဟိန်း(ပြန်/ဆက်)