စဉ့်ကိုင်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)ထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ (၅၇၈၅)ဦးထိုးနှံပြီးဖြစ်

စဉ့်ကိုင် ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၌ရှိသော အသက်(၅)နှစ်မှ (၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ယနေ့နံနက်(၉)နာရီက စဉ့်ကိုင် အ-ထ-က သဇင်ခန်းမဆောင်နှင့် တောမအ-လ-က(ခွဲ) ကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်အောင်၊ အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အတွင်းရေးမှူးရဲမှူးသိန်းလွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဆရာ/ဆရာမများကကြီးကြပ်၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိမ့်အိသူနှင့်ကျန်းမာရေး၀န်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းခြင်းများ၊ ကျန်းမာရေးကောင်းသူများကို မိဘအုပ်ထိန်းသူများ၏သဘောတူညီချက်ဖြင့် အသက်(၅) နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ(၃)ရက်နေ့မှ ဇွန်လ(၉) ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ (၅၇၈၅)ဦးရာခိုင်နှုန်းအနေဖြင့် (၅၃.၄၂)ရာခိုင်နှုန်းထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ဦးတည်အုပ်စုအလိုက် ကျောင်းများသတ်မှတ်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)