စာအုပ်စာစောင်များ လေ့လာဖတ်ရှုရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ

ကော့မှူး ဇွန် ၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အားလပ်သော အချိန်တွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေနံနက်ကမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က အလိမ္မာစာမှာရှိ စာအုပ်စာပေ လူမိတ်ဆွေဆိုသည်အတိုင်း စာပေကိုချစ်မြတ်နိုးပြီး စာအုပ်စာပေများ ဖတ်ရှုလိုခြင်းများဖြစ်‌ပေါ်စေရန် စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဖွံ့ဖြိုးတိုးတတ်စေပြီး အမှားအမှန် ဝေဖန်ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်းနှင့် ရွေ့လျား စာကြည့်တိုက်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများ အရောက်စာအုပ်စာစောင်များ ငှားရမ်းပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကြပြီး‌ ဟော‌‌ပြောပွဲအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး