မအီ ဇွန် ၁၀
မအီမြို့ပေါ်ရပ်ကွက်များကို ယခုလတွင် သောက်သုံးရေပေးဝေနိုင်ရေးအတွက် မအီမြို့၏ အနောက်တောင်ဘက် (၁)မိုင်ခန့်တွင်တညှိရှိသည့် ညောင်ခြေထောက်ဆည်သို့ ကွင်းဆင်းပြုပြင်ဆောင်ရွက်ခြင်းများကို ယနေ့ နေ့လယ်ပိုင်းက မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးမှူးဦးညီညီလွင် ဦးဆောင်ပြီး တာဝန်ခံအင်ဂျင်နီယာဦးမြတ်မင်းဟန်နှင့် ဝန်ထမ်းများကလိုက်ပါ၍ ရေပေးဝေရေးလုပ်ငန်းတွင် လိုအပ်နေသည်များကိုစစ်ဆေး၍ ရေပိုက်ခေါင်းများလဲလှယ်ခြင်း၊ ရေမော်တာများကိုစစ်ဆေးခြင်း၊ လိုအပ်သည်များကိုအသစ်လဲလှယ်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များသို သွယ်တန်းထားသည့် ရေအောက်မြေအောက်ပိုင်းလိုင်းများ စစ်ဆေးပြုပြင်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဖော်ပြပါ ညောင်ခြေထောက်ဆည်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တောင်ကျချောင်းရေကို တစ်ဖက်ပိတ်ဆည်အဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေပေးဝေရေးလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ နွေပိုင်းကာလ ဧပြီလ မေလတို့တွင် ဆည်ရေလျော့နည်းလာမှုကြောင့် ရေပေးဝေရေးလုပ်ငန်းကို (၂)လကြာခန့်ရပ်နားခဲ့ရပါကြောင်း၊ မေလကုန်ပိုင်းမှစတင်၍ မိုးရွာသွန်းမှုများကြောင့် ဆည်ရေရရှိလာပြီဖြစ်၍ ယခုလမှစတင်ပြီး မြို့ပေါ်ရပ်ကွက်များသို့ ရေလုံလောက်စွာပေးဝေနိုင်ရေးအတွက် ကွင်းဆင်းပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဦးစီးမှူး ဦးညီညီလွင်က ပြောကြားခဲ့သည်။
မောင်မောင်ဌေး(ပြန်/ဆက်)