မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ဝါ စတင်ထွက်ရှိချိန်၌ တစ်ပိဿာ ၁၈၅၀ ကျပ်နှုန်းဖြင့်ရောင်းချရ၍ မိုးကြိုချည်မျှင်ရှည်ဝါစိုက်တောင်သူများအဆင်ပြေ

မိတ္ထီလာ ဇွန် ၁၀       

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ မိုးကြိုချည်မျှင်ရှည်ဝါ စတင်ထွက်ရှိချိန်တွင် တစ်ပိဿာငွေကျပ် ၁၈၅၀ နှုန်းဖြင့်ရောင်းချရ၍ မြို့နယ်အတွင်းရှိ မိုးကြိုချည်မျှင်ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ လိုက်လျောညီထွေဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သည့်နေရာမှာ တစ်ဧကအထွက်တိုးပြီး ဝင်ငွေတိုးနိုင်သည့်သီးနှံမှာ ဝါသီးနှံဖြစ်၍ ဝါသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဒေသခံ တောင်သူလယ်သမားများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးသည့်ဝါများအထွက်နှုန်းတိုးအောင် ဒေသခံတောင်သူများအား ဝါစိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် မျိုးစေ့အရည် အသွေးထိန်းသိမ်းခြင်းနည်းပညာများ၊ သိပ္ပံနည်းကျဝါစိုက်ပျိုးခြင်းစနစ်၏ အဓိကသော့ချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ထယ်ရေးပြုပြင်ရေး၊ တစ်ကျင်း ၂ ပင်နှုန်းဖြင့် သားခွဲရေး၊ စုပ်ပိုးဒဏ်ကြိုတင်ကာကွယ်ရေးနှင့်ကျရောက်လာပါက နှိမ်နှင်းခြင်း၊ ကြာပေါင်း မဖြစ်မနေလိုက်ရန်နှင့် စိမ့်မြောင်းများ စနစ်တကျတူးဖော်ရန်စသည့်အချက်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ထွက်ရှိလာသောဝါများအား စျေးနှုန်းမှန်ကန်မှုရှိစေရေး သက်ဆိုင်ရာကုန်သည်များနှင့်ချိတ်ဆက်၍ ကျေးရွာအရောက်ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မိုးကြိုချည်မျှင်ရှည်ဝါများစတင်ထွက်ရှိချိန်တွင် ဝါကုန်သည်များက ကျေးရွာအရောက် တစ်ပိဿာ ငွေကျပ် ၁၈၅၀ နှုန်းဖြင့် လာရောက်ဝယ်ယူလျက်ရှိသည့်အတွက် ဒေသခံချည်မျှင်ရှည်ဝါစိုက်တောင်သူများမှာ သယ်ယူစရိတ်သက်သာသည့်အပြင် ဝါစျေးနှုန်းမှာလည်းခိုင်မာမှုရှိသည့်အတွက် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါကို မြို့နယ်အတွင်းရှိ ဆည်ရေ၊ ကန်ရေများဖြင့် မကျီးစု၊ ကဖြူ၊ ကံကြီး၊ ညောင်မြင့်၊ ကွက်ငယ်၊ လှည်းပွဲ၊ ခင်တဲကျေးရွာအုပ်စုများရှိ ကွင်း(၁၂)ကွင်းမှ စိုက်ဧက ၅၇၂ ဧကစိုက်ပျိုးထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)