ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း တစ်ပိသာ ၁၀၀၀ ကျပ်ရောင်းချရ

ညောင်ဦး ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးတောင်သူများ ပိန္နဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်းကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၁၀၀၀ ကျပ်ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်ခင်းဝင် ငွေတွက်ခြေကိုက်နေကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လဲဂွကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ လျော်တော၊ နဂါးလည်၊ စီးမ၊ ဆည်ကျေးရွာများသည် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးကြသည့်ကျေးရွာများဖြစ်ကြောင်း၊ ထိုင်ဝမ်ပိန္နဲမျိုးပင်များအား ပြင်ဦးလွင်မြို့ သို့သွားရောက်ဝယ်ယူခဲ့ကြပြီး ပျိုးပင်တစ်ပင်ငါးထောင်ကျပ်မှ ကိုးထောင်ကျပ်ထိပေးဝယ်ပြီး စိုက်ပျိုးကြကြောင်း၊ တစ်ပင်နှင့်တစ်ပင်(၁၂)ပေခြားစိုက်ပျိုးရပြီး၊ မစိုက်ပျိုးမည် တစ်ပေခွဲပတ် လည်တူးကာ မြေဆီမြေဆွေးထည့်ပြီး ဆယ်ငါးရက်ခန့်ရေလောင်းနှပ်ထားရကြောင်း လဲဂွကျေးရွာ ထိုင်ဝမ်ပိန္နဲစွန့်ဦးစိုက်ပျိုးသူ ဦးသောင်းတင်ကရှင်းပြသည်။ ထိုင်ဝမ်ပိန္နဲပင်များစတင်စိုက်ပျိုးပြီး တစ်နှစ်ခွဲခန့်အကြာတွင် စတင်အပွင့်ပွင့်အသီးသီးသော်လည်း အသီးများမတင်ပဲ နှစ်နှစ်ခွဲသားအပင်မှသာ အသီးစတင်တင်ကြောင်း သိရသည်။

ထိုင်ဝမ်ပိန္နဲပင်များအရွယ်ရောက်လာသည့်အခါ ပိန္နဲပင်တစ်လျှင် ပိန္နဲသီးအနည်းဆုံး သုံးလုံးမှ အလုံးလေးဆယ်ထိသီးကြောင်း၊ ပိန္နဲသီးတစ်လုံး လေးပိသာမှ ဆယ်လေးပိသာထိကြီးကြောင်း၊ ပိန္နဲသီးရောင်းချရာတွင် တစ်လုံးခြင်းမရောင်းချပဲ တစ်လုံးပိသာချိန် အရှိအတိုင်းရောင်းချကြောင်းသိရသည်။ ပိန္နဲပင်များ သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် အပွင့်ပွင့်ကြပြီး တပိုတွဲ၊ တပေါင်းလတို့တွင် ဆွတ်ခူးရောင်းချကြကြောင်း သိရသည်။ ထိုင်ဝမ်ပိန္နဲသီးများသည် အိမ်မာသီးများဖြစ်ခြင်းကြောင့် စားသုံးသူများ အင်မတန်ကြိုက်ကြပြီး ပိန္နဲသီးပေါ်ချိန်စိုက်ခင်းအထိ ပိန္နဲသီးပွဲစားများလာရောက်ဝယ်ကြကြောင်း၊ ထွက်ရှိလာသည့် ပိန္နဲသီးများအားလုံး အပြင်မရောင်းချရပဲ ပိန္နဲသီးပွဲစားများစိုက်ခင်းထိလာရောက်ဝယ်ယူခြင်းကြောင့် ခရီးစရိတ်သက်သာခြင်း၊ မြို့ပေါ်ဖောက်သယ်မရှာရခြင်းများကလည်း ထိုင်ဝမ်ပိန္နဲစိုက်ပျိုးတောင်သူများအတွက် အခွင့်အရေးတစ်ရပ်လည်းဖြစ်ကြောင်း သိရသည်။

ကိုကြေးမုံ