သီပေါမြို့နယ်၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

သီပေါ ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အတွင်းရှိအခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက်  အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးလျက်ရှိရာ  ယမန်နေ့ နံနက်ပိုင်းက ဘော်ကြို ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့်နားခဲကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးမထိုးနှံမီကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)ခန့်နားနေစေ၍ စောင့်ကြည့်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ  ဆရာ၊ ဆရာမ များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုထိုးနှံပေးသောဆေးအမျိုးအစားမှာ Sinopharm အမျိုးအစားဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ဇွန်လ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ် ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ကျန်ရှိနေသော မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့် အသက်(၁၂)အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)