ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပျဉ်းမနား ဇွန် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ သရက်တောကျေးရွာအုပ်စုနှင့် ယောက်သွားအင်းကျေးရွာ အုပ်စုအတွင်းရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချေးငွေလာရောက်ထုတ်ယူကြသည့် တောင်သူများအား ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်းက စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ငွေထုတ်ပေးခြင်းလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက်  ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ပျဉ်းမနားမြို့နယ်၊ သရက်တောကျေးရွာအုပ်စုနှင့် ယောက်သွားအင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၄၀)ဦးတို့၏ လယ်မြေ(၁၃၀)ဧကအတွက် တစ်ဧကလျှင်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ် (၁၉၅)သိန်း၊ ယာမြေ(၁၇) ဧကအတွက် တစ်ဧက(၁၀၀၀၀၀)သိန်းနှုန်းဖြင့် ငွေကျပ် (၁၇၀၀၀၀၀) သိန်း၊ စုစုပေါင်း ငွေကျပ် (၂၁၂)သိန်းကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ကျေးရွာအုပ်စုများအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)