ကွတ်ခိုင် စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 ရောဂါကာလ အတွင်း စီးပွားရေး ကုစားမှု(CERP)အစီအစဉ်အရ ဒေသခံတောင်သူများကို မျိုးကွဲ နုတ်ပယ် ခြင်းနှင့် မျိုးသန့်စင်ခြင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့နယ်စိုက်ပျိုးရေးရုံးတွင် မိုးစပါးမျိုးစေ့ထုတ် တောင်သူများကို ဒုတိယ အကြိမ်အဖြစ် ထပ်မံပေးအပ်ထောက်ပံ့သည်။
“လက်ရှိ COVID-19 ကပ်ရောဂါကာလအတွင်းမှာစီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ် တောင်သူတွေကို မျိုးကွဲနှုတ်ပယ်ခြင်းနှင့်မျိုးသန့်စင်ခြင်းအတွက် ဒုတိယအကြိမ် ထောက်ပံ့ပေးတာဖြစ်ပါတယ်၊ ပြည်ထောင်စုရံပုံငွေကနေ ကျခံသုံးစွဲတာဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ အညီ ဒေသခံတောင်သူတွေကို ပေးအပ်ထောက်ပံ့တာဖြစ်ပါတယ်"ဟု ကွတ်ခိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး မြတ်ထွန်းအောင် က ပြောကြားသည်။
အခမ်းအနားသို့ မူဆယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်နန်းလွင်လွင်စိန်၊ ဌာနဆိုင်ရာ များနှင့် တောင်သူများ တက်ရောက်ပြီး (၂၅)ဧကစိုက်ပျိုးသည့် မိုးစပါးမျိုးစေ့ထုတ်တောင်သူ(၁၀)ဦးကို တစ်ဧက လျှင် မျိုးကွဲနှုတ်ပယ်ခြင်းနှင့် မျိုးသန့်စင်ခြင်းအတွက် ငွေကျပ်(၆၅၀၀၀)၊စုစုပေါင်း ငွေကျပ်(၁၆၂၅၀၀၀)ကို တာဝန်ရှိသူများမှ ပေးအပ်ရာ တောင်သူများက တစ်ဦးချင်း လက်ခံရယူ သည်။
အခမ်းအနားတွင် ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာ GAP အသိအမှတ်ပြု လက်မှတ်ရ လက်ဖက်စိုက်တောင်သူ (၁)ဦး၊ လက်ဖက်သုတေသနခြံမှ ခြံတာဝန်ခံနှင့် တာမိုးညဲမြို့ Tea Art ကုမ္ပဏီမှ တာဝန်ရှိသူတို့အား ဂုဏ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး ပဲပုတ်စံပြကွက် စိုက်ပျိုးသည့် တောင်သူ(၁၅)ဦးကို တစ်ဦးလျှင် ဓါတ်မြေဩဇာ (၁)အိတ်နှုန်းဖြင့် ဆက်လက် ပေးအပ်ထောက်ပံ့ရာ တောင်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)