နမ့်ခမ်း ဇွန် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်က နမ့်ခမ်းမြို့၊ အမှတ်(၁)(၂)(၃)၊ အခြေခံပညာအထက်တန်းကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်း များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စာသင်ကျောင်းမှ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးပြီးနောက် မိနစ်(၂၀)ခန့်အနားယူစေခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
နမ့်ခမ်းမြို့ပေါ်ရှိ အခြေခံပညာပထက်တန်းကျောင်းများတွင် ပညာတက်ရောက်သင်ကြားနေ သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် (၅)နှစ်မှ (၁၂)နှစ် အရွယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ (၃၉၅) ဦး၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ(၁၅၅) ဦးနှင့် အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ(၃၃၀)ဦး၊ စုစုပေါင်း(၈၈၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)