စမ်းချောင်း ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်နှင့် အသက် ၁၁ နှစ်မှ ၁၂ အထိ ကျောင်းသား ကျောင်းသူများကို Myancopharm ထိုးနှံခြင်းတို့ကို ယနေ့နံနက် ၉ နာရီခွဲက မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အထိကျောင်းသား၊ ကျောင်းသူများ၊ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြားကျောင်းပြင်ပ လူငယ်များ၊ အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်ပြည်သူများအား ဆေးထိုးစုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းကူညီမှုဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၁၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
ခင်ငြိမ်းချမ်းဝင်း