တာမွေ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၂ ခုနှစ် ဇွန်လ (၂) ရက်နေ့မှ စတင်ကာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာအဆင့် ကျောင်းသား / သူများအား စတင်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန အပါအဝင် သက်ဆိုင်ရာဌာနများနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထိုကဲ့သို့ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ရာတွင် အဆိုပါ တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်း / အပြင် သန့်ရှင်းသာယာလှပစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်းနှင့် စာသင်ကျောင်း တစ်ကျောင်း၏ အင်္ဂါရပ်များနှင့် ညီညွတ်မှုရှိစေရေးအတွက် အမြင်မတင့်တယ်သည်များအား ဖယ်ရှားရှင်းလင်းခြင်း စသည်ဖြင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)