ကျိုက်ထိုမြို့နယ်တွင် မိုင်းအန္တရာယ်ကြောင့် ထိခိုက်/ဒဏ်ရာရ/သေဆုံးမှုများ မဖြစ်ပွားစေရေးအတွက် မိုင်းအသိ/မိုင်းသတိပညာပေး ဟောပြောပွဲကျင်းပ

ကျိုက်ထို ဇွန်  ၉

ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှဦးဆောင်၍   မြို့နယ်အတွင်း မိုင်းအန္တရာယ်ကြောင့်ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုများမဖြစ်ပွားစေရေးအတွက် ဇွန် ၉ ရက် နံနက် ၉နာရီတွင်မိုင်းအသိ မိုင်းသတိအသိပညာ‌ပေး ဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက မိမိတို့ မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများက ဌာနဆိုင်ရာရုံးများနှင့် လူသွားလာနေသည့် လမ်းများတွင် မိုင်းအမျိုးမျိုးကို အသုံးပြု၍ အဆောက်အဦးများနှင့် လူအများသေကြေဒဏ်ရာရရှိ စေရန် ဆောင်ရွက်လျက်ရှိကြောင်း ယခုကာလသည် ကျောင်းများစတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အတွက် ဆရာ/ဆရာမများအနေဖြင့် ပညာလာရောက်သင်ကြားနေသည့် ကျောင်း သူကျောင်းသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရန် ကျောင်းသား/ကျောင်းသူများအား မိုင်းနှင့်ပတ်သက်၍ အသိပညာပေးဖို့လိုကြောင်း ပြောကြားပြီး အမှတ်(၉၀၇)စစ် မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်ကြီး မြတ်ထူးကျော်မှ အကြမ်းဖက်သောင်းကျန်းသူများ သုံးစွဲလျက်ရှိသည့် မိုင်း(၅)မျိုးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဇော်ဦးမှ မိမိတို့ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများ၏ လုံခြုံရေးကို နေ့ရောညပါ ဆောင်ရွက်လျက်ရှိပြီး မိုင်းအန္တရာယ်ပတ် သက်၍ သတင်းရလျှင်ရခြင်း သက်ဆိုင်ရာ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများနှင့် ပူးပေါင်းကာ‌ ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသည့်ဆရာ၊ ဆရာမများနှင့် ကျောင်သားကျောင်းသူများ မိုင်းအန္တရာယ်မှ ကင်းရှင်းရန် လှည့်ကင်းပတ်ကင်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားပြီး၊ မြို့နယ်စီမံဖွံ့ဖြိုးရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်းမှ မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များ ပြုမူဆောင်ရွက်ခဲ့သည့် မိုင်းအန္တရာယ်နှင့် လိုက်လံသတ်ဖြတ်‌နေသည့် ကိစ္စရပ်များကို ပြောကြားကာ မိုင်းအမျိုးအစား(၅)မျိုးအကြောင်းအား ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆန်းဝင်းအောင်မှ အန္တရာယ်ရှိသည့် အပြုအမူနှင့် မိုင်းထိမှန်၍ စိတ်ဓါတ်ပိုင်းဆိုင်ရာ မကျဆုံးစေရေးအတွက် ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် ခြေတု၊ လက်တုနှင့်အတူ  ငွေကြေးထောက်ပံ့ပေးလျက်ရှိ‌ကြောင်းတို့ကို ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ဝင်းမောင်(ကျိုက်ထို)