ဝိုင်းမော် ဇွန် ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထောက်ပံ့ ပေးအပ်ပွဲနှင့် တောင်သူပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို မြစ်ကြီးနားခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ကချင်ပြည်နယ်မျိုးစေ့တာဝန်ခံ ဦးမင်းဆွေက မိုးစပါးမျိုးစေ့ နည်းပညာပေးဆိုင်ရာများအတွက် ဆွေးနွေးခြင်းနှင့် မိတ်ဆက်ခြင်းကိုလည်းကောင်း၊ ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးယဉ်မင်းစိုးက တောင်သူပညာပေး သင်တန်းဆောင်ရွက်ရခြင်း၏ ရည်ရွက်များများကိုလည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံက မျိုးစေ့ဥပဒေအကြောင်းလည်းကောင်း ရှင်းလင်းပြောကြားပြီး မိုးစပါးမျိုးစေ့ထုတ် စံပြကွက် တောင်သူ(၁၂)ဦးအား မိုးစပါးမျိုးစေထုတ်စိုက်ပျိုးရန်အတွက် မျိုးသန့်မျိုးပွားမျိုးစေ့ (RS)များ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၀) အုပ်စုမှ တောင်သူ(၃၅)ဦးအား ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးဦးယဉ်မင်းစိုးမှ မိုးစပါးမျိုးသန့်မျိုးစေ့ ထုတ်လုပ်မူဆိုင်ရာ နည်းပညာအဆင့်ဆင့်များကို စာတွေ့သင်ကြားပေးပြီး စပါးမျိုးစေ့များအား ဆားရည်စိမ်နည်းဖြင့် အောင်မြင်ပြည့်ဖြိုးသော စပါးမျိုးစေ့များ ရွေးချယ်နည်းများကို လက်တွေ့သင်ကြားပေးပြီး သင်တန်းသို့ တက်ရောက်လာသော တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြူစင်