မိုင်းလုံ စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီခန့်က ထိုးနှံ၊ တိုက်ကျွေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးရာတွင် အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ် များကို အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်၊ (ပီစီဗွီ)၊ ဝက်သက်၊ ပိုလီယိုကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့၊ မေးခိုင်၊ ပိုလီယိုကာကွယ်ဆေး (အိုင်ပီဗွီ) စသည့်ကာကွယ်ဆေးများထိုးနှံပေးပြီး ကာလသား ရောဂါနှင့်(HIV)ရောဂါများ ရှိ/မရှိ စစ်ဆေးပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးကန် တွင် လက်များကို စနစ်တကျဆေးရန်၊ (Mask) များ တပ်ဆင်လာစေရန်နှင့် လူစုလူဝေး မဖြစ်စေရန် အထက်ရပ်ကွက်၊အလယ်ရပ်ကွက် နှင့်အောက်ရပ်ကွက်အတွင်းရှိ ကလေးများနှင့် ကိုယ်ဝန်ဆောင်များကို ဆေးများထိုးနှံပေးပြီး ကျန်ရှိသော ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)