တာမွေ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အားစနစ် ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းအချိန်ကလည်း မြို့နယ်အတွင်း မိုးရာသီကာလ၌ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများကျိုးကျ၍ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး အတွက် မြို့နယ်လျှပ်စစ်ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း၍ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လမ်းများအလိုက် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ပေးခဲ့ကြသည်။
“ယခုလို မြို့နယ်အတွင်းမှာရှိတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးတာဟာ မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေအတွက် အရမ်းကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုပါ။ မိုးတွင်းကာလတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်လေ့ရှိတာကြောင့် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများ ပြိုလဲ၊ကျိုးကျမှုတွေ ကလည်း မြို့နယ်အတွင်း မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိတာကြောင့် လျှပ်စစ်ဓာတ်ကြိုးတွေ ပြတ်တောက်ပြီး လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှုများ ရှိနိုင်သည့်အတွက် ကျွန်မအပါအဝင် ရပ်ကွက်နေပြည်သူတွေအဖို့ သွားရေးလာရေးတွင် အမြဲတမ်းသတိထားပြီး သွားလာ နေရပါတယ်။ ယခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပေးခြင်းအားဖြင့် လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ရာ လည်းရောက်ပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)