မိုးမောက် ဇွန် ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီခန့်တွင် မြို့နယ်တိုင်းရင်းဆေး ကုဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ကျန်းမာရေး အသိပညာ ဗဟုသုတရရှိရန် ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက ဟောပြောပွဲဆောင်ရွက်ရခြင်းနှင့် မိမိရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများသာမက ပြည်သူများ၏ ဗဟုသုတရရှိရန်နှင့် စာဖတ်ခြင်း အလေ့အထကောင်းများရရှိစေရန်၊ ဌာနက အလေးထားဆောင်ရွက်ပေးနေသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက ရာသီအလိုက် အစာအာဟာရ စားသောက်နေထိုင်ရန်နှင့် ချို၊ ချဉ်၊ ငန်၊ ဖန်၊ ခါး၊ စပ်၊ စိမ့် အာဟာရ(၇)မျိုးကို တင့်သင့်မျှတစွာ စားသောက်မှသာ သက်ရှည်ကျန်းမာခြင်း ရရှိမည်ဖြစ်ကြောင်းနှင့် ကိုယ်ခံအား ကောင်းမွန်အောင် နေထိုင်ခြင်းက ကာယ၊ ဉာဏကို ပိုမိုထက်မြတ်စေခြင်း အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲကို အ.မ.က(၃) မူလွန် ကြေးနန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦးက တက်ရောက်ခဲ့ကြောင်း သိရသည်။
လွန်းနန်းထွေး